Menu

You are here

ကားအချက်ပြမီးနဲ့ပတ်သက်ပြီး သိသင့်တာတွေ

ကားကွေ့ရင်ပဲဖြစ်ဖြစ်၊ လမ်းကြောင်းပြောင်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အန္တရာယ်ကင်းအောင်လို့ မဖြစ်မနေ အချက်ပြမောင်းနှင်ရတာမို့ ကားအချက်ပြမီးတွေဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အချက်ပြမီးတွေ လင်းရဲ့လားဆိုတာ ပုံမှန်စစ်ဆေးဖို့ လိုအပ်သလို အရောင်မှိန်နေရင်၊ မီးမလင်းရင်လည်း အမြန်ဆုံးလဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

ကားအချက်ပြမီးကို ဘယ်၊ ညာကွေ့ဖို့နဲ့ တည့်တည့်သွားဖို့တွေအတွက် ပါရှိတာကြောင့် ယာဉ်မောင်းတွေ တစ်ခုသတိထားရမှာက ကိုယ်သွားချင်နဲ့ ဆန့်ကျင်ဘက်ကို မပြမိဖို့ပါပဲ။ ဥပမာ ကိုယ်ကွေ့မှာက ညာဘက်အချက်ပြထားတာ ဘယ်ဘက်ဖြစ်နေတာမျိုးပါ။ ကိုယ့်နောက်က ကားကညာကွေ့မယ်ထင်ပြီး ကျော်တက်တုန်း ကိုယ်က ဘယ်ဘက်ကိုကွေ့လိုက်ရာကနေ မလိုလားအပ်တဲ့ ထိခိုက်မှုမျိုးတွေကြုံရနိုင်ပါတယ်။

နောက်ပြီး လမ်းကြောင်း ပြောင်းလဲရာမှာလည်း တချို့ယာဉ်မောင်းတွေဟာ အချက်ပြမီးမပြဘဲ ရုတ်တရက်တိုးဝင်လာတာမျိုးနဲ့ တစ်ဖက်ယာဉ်ကြောက ကားကို အနှောင့်အယှက်ဖြစ်တဲ့အတွက် လမ်းကြောင်းပြောင်းချင် တာသိအောင်လို့ အချက်ပြမီးနဲ့ မဖြစ်မနေအသိပေးရမှာပါ။ အရေးကြီးဆုံး သတိထားစရာက မြို့ပြင်လမ်းတွေနဲ့ မြို့တွင်းလမ်းတွေမှာ အချက်ပြမီးသုံးစွဲပုံမတူညီတဲ့အချက်ပါ။ မြို့ပြင် အဝေးပြေးလမ်းတွေက တစ်ဖြောင့်တည်းမို့ ကွေ့စရာမလိုပေ မယ့် အချက်ပြမီးကို ယာဉ်ကျော်တက်ဖို့နဲ့ ကားမရှင်းသေးလို့ ကပ် ထားဖို့ အချက်ပြတဲ့နေရာမှာ သုံးတတ်တယ်ဆိုတာပါ။

အမေရိကက စစ်တမ်းတစ်ခုအရတော့ ကားကွေ့တဲ့အခါမှာ ယာဉ်မောင်းတွေ အချက်မပြမှုဟာ အကြမ်းဖျင်းအားဖြင့် တစ်နှစ်အတွင်းမှာ အကြိမ်ရေ ၇၅၀ ဘီလီယံလုပ်လေ့ရှိတယ်လို့ ဆိုထားပါတယ်။ လမ်းကြောင်းပြောင်းနေချိန်မှာ အချက်မပြတာ ၄၈ ရာခိုင်နှုန်းရှိပြီး လမ်းကြောင်းပြောင်းပြီးတဲ့အခါ အချက်ပြမီး ပြန်မပိတ်တာကလည်း ၄၈ ရာခိုင်နှုန်းရှိကာ ကားကွေ့တဲ့အခါမှာ အချက်မပြသူကတော့ ၂၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ အချက်ပြမီးအပေါ် အာရုံမစိုက်မိတဲ့ အတွက်ကြောင့်လည်း ယာဉ်တိုက်မှုတွေဖြစ်တယ်ဆိုတာ ယာဉ်မောင်းတိုင်း အမှတ်ရနေဖို့လိုအပ်ပါတယ်။

—Ref: yourmechanic

logo