Menu

You are here

လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့အတွက် အမေရိကန်မှာ C-Classတွေ ရောင်းချမှုကို Mercedes-Benz ရပ်တန့်ဖွယ်ရှိ

Mercedes-Benzဟာ လျှပ်စစ်ကားတွေ ထုတ်လုပ်မှုကို ပိုမို အာရုံစိုက်ဖို့အတွက် အမေရိကန်ကို C-Classတွေ တင်ပို့ ရောင်းချမှုကို ရပ်တန့်ဖွယ် ရှိနေကြောင်း သိရပါတယ်။

 

ဂျာမန် ဇိမ်ခံကား ကုမ္ပဏီကြီးဟာ EQဆိုတဲ့ လက်အောက်ခံ အမှတ်တံဆိပ် အသစ်တစ်ခုကို ဖန်တီးပြီး လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ခြေလှမ်းပြင်နေပါတယ်။ EQရဲ့ ထုတ်ကုန်တွေအပေါ် ပိုမို အာရုံစိုက်လိုတာကြောင့် Mercedes-Benzဟာ အမေရိကန်မှာ C-Classတွေ ရောင်းချမှုကို စတေးလိုက်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

 

Mercedes-Benzရဲ့ နိုင်ငံတကာ အရောင်းဌာန အကြီးအကဲ ဘရစ်တာ ဆီးဂါးက EQ အမှတ်တံဆိပ် ကားအသစ်တွေကို အလာဘားမားက စက်ရုံမှာ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။ ဒါဆိုရင် အဲဒီစက်ရုံက အမေရိကန် ဈေးကွက်အတွက် ထုတ်လုပ်တဲ့ C-Classတွေ ထုတ်လုပ်မှုက အလိုလို ရပ်တန့်သွားနိုင်တဲ့ သဘောပါ။ ဒါပေမဲ့ ဆီးဂါးကတော့ ဒီကိစ္စကို တရားဝင် အတည်မပြုပါဘူး။

 

C-Classတွေနဲ့ EQရဲ့ ဒွေးရောယှက်တင် ဖြစ်လာနိုင်ခြေကို မေးတဲ့အခါ သူက “ကျွန်တော်တို့ စောင့်ကြည့်ကြသေးတာပေါ့”လို့သာ မတင်မကျ ဖြေကြားသွားပါတယ်။ လောလောဆယ် အရေးအကြီးဆုံး စဉ်းစားသင့်တဲ့ အချက်က EQ အမှတ်တံဆိပ်ကို အမေရိကန်မှာ အရှိန်အဟုန်ကောင်းကောင်း ဖြန့်ချိနိုင်ဖို့ ဖြစ်သင့်ကြောင်း သူက ပြောပါတယ်။

 

ဖြစ်နိုင်ခြေတစ်ခု ရှိနေသေးတာက အလာဘားမား ကားစက်ရုံမှာ C-Classတွေ ထုတ်လုပ်မှု ရပ်တန့်သွားရင်တောင် တခြား စက်ရုံနှစ်ခုမှာ ထုတ်လုပ်နေတဲ့ အလတ်စား ဇိမ်ခံကားတွေကို အမေရိကန်အတွက် အကန့်အသတ်နဲ့ တင်ပို့လာတာမျိုးပါ။ Mercedes-Benzက EQ အမှတ်တံဆိပ်အပေါ် မျှော်လင့်ချက် ကြီးကြီး ထားရှိနေပြီး ၂၀၂၅ ခုနှစ်လောက် အရောက်မှာ ကုမ္ပဏီရဲ့ စုစုပေါင်း ရောင်းအား ၁၅ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်းကြားထိ EQရဲ့ ကားတွေက နေရာယူထားမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

 

Ref: Automobile Magazine

logo